Monday, February 23, 2009

ဗိုလ်ထိန်မောင်အဖွဲ့နှင့် ပူးပေါင်းသူများ ရွာသားတွေဖြစ်ဟု ကေအန်ယူငြင်းဆို NEJ / ၂၃ ဖေဖော်ဝါရီ ၂၀၀၉

ဗုဒ္ဓဟူးနေ့က ကေအန်ယူ၊ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့နှင့် သွားရောက် ပူးပေါင်းခဲ့သူ (၁၃) ဦးသည် ကရင်အမျိုးသား လွတ်မြှောက်ရေး တပ်မတော်မှ စစ်သည်များ မဟုတ်ဘဲ ကော့ကရိတ်မြို့နယ်ရှိ စက်က၀က်ရွာမှ ရွာသားများသာ ဖြစ်သည်ဟု ကရင်အမျိုးသား လွတ်မြှောက်ရေး တပ်မတော် တပ်မဟာ (၆) တပ်မဟာ စစ်ရုံးမှ ဒု-ဗိုလ်မှူးကြီးတဦးက ခေတ်ပြိုင်သို့ပြောသည်။

၎င်းက " ဒီလ (၁၈) ရက်နေ့ ညနေက တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်း (၁၈) တပ်ခွဲ (၃) က M- ၁၆ (၄) လက်၊ M- ၁၆ (၇၉) မော်တာ (၁) လက်၊ M- ၁၆ ကျည် (၁၆၀) ၊ M- ၇၉ ကျည် (၂၁) လုံး၊ စကားပြောစက် (၁) လုံးနဲ့အတူ သွားပြီး ပူးပေါင်းကြတဲ့ လူတွေဟာ စက်က၀က်ရွာသား တွေဖြစ်တယ်။ ရှေ့တန်းမှာ ကျနော်တို့ ရဲဘော် တွေဟာ ရွာသားတွေနဲ့ အတူနေပြီး သွားလာ လှုပ်ရှားတယ်။ ကိုယ်ရောင် ဖျောက်ပြီး သွားလာတဲ့အခါမှာ လိုအပ်လို့ရှိရင် လက်နက်တွေကို ရွာသားတွေဆီမှာပဲ အပ်ထားတယ်။ အဲ့ဒီရွာသားတွေက အပ်ထားတဲ့ လက်နက်ကို ယူပြီးတော့ ဗိုလ်ထိန်မောင်တို့ အဖွဲ့နဲ့ သွားပူးပေါင်းတာ ဖြစ်တယ်" ဟု ပြောသည်။

အဆိုပါ ရွာသားများမှာ စောဖါးကျော့၊ ကျော်နီဟဲ၊ ဖားထီးသိုး၊ ကျော်မူးဂေ၊ ဖားအော်တူး၊ ကျော်ဖရီး၊ ကျော်အဲ၊ ဖားကလိ၊ ဖားအော်လဲ၊ ဖားမော်းကို၊ မောင်ထွေး၊ ကျော်ယု၊ ကျော်ပလဲထူး တို့ဖြစ်သည်။

ယခု ဖြစ်စဉ်နှင့် ပတ်သက်၍ ကေအန်ယူ၊ ကေအန် အယ်လ်အေ ငြိမ်းချမ်းရေး ကောင်စီမှ ပုံကြီးချဲ့၍ ၀ါဒဖြန့် နေသော်လည်း ဖြစ်စဉ်အမှန်ကို သိရှိနိုင်ရန် အတွက် ရှင်းပြခြင်း ဖြစ်ကြောင်း ၄င်း ဒု-ဗိုလ်မှူးကြီးက ဖြည့်စွက် ပြောကြားသည်။

အခြေအနေမှန်ကို အသေးစိတ် သိရှိနိုင်ရန် ကေအန်ယူ၊ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေး ကောင်စီအဖွဲ့မှ ဗိုလ်ချုပ်ယဉ်နုအား ခေတ်ပြိုင်မှ ဆက်သွယ်မေးမြန်ရာ ဖုန်းပိတ်ထားသည်။